Wednesday, May 11, 2016

အစိုးရ တပ်မတော် ပစ်ခတ်သော လက်နက်ကြီးကြောင့် ပြည်သူပိုင်နေအိမ် ပျက်စီး

အစိုးရ တပ်မတော်မှ လမ်းရှင်းလင်းရေးအနေဖြင့် အုန်းငမ်းကျေးရွာထဲကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၀င်ရောက်ပစ်ခတ်သောကြောင့် ပြည်သူပိုင် နေအိမ်တစ်အိမ် ထိမှန်ပြီး ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦး သတင်းပေးချက်အရ သိရသည်။
ဒေသခံတဦးပြောပြချက်အရ - တပ်မတော်သည် အခြား တိုင်းရင်းသား လက်နက်ကိုင် ရှိမည် စိုး၍ ကျောက်မဲမြို့နယ် ပန်ဆန်းအုပ်စု အုန်းငမ်းရွာထဲသို့ လက်နက်ကြီး (၃) လုံးနှင့် လက်နက်ငယ်များဖြင့် မေလ ၁၀ ရက် နေ့လည် ၁း၃၀ ၀န်းကျင်တွင် ၀င်ရောက်ပစ်ခတ်လာခဲ့ခြင်း ဖြစ်သည်။

 “ ရွာနားမှာ ပလောင် စစ်သားရှိမှာစိုးလို့ လမ်းရှင်းမယ်ပြောတယ်၊ သေနတ်တွေ ပစ်တယ်၊ လက်နက်ကြီး နှစ်လုံးက ရွာပြင်ဘက်မှ ကျတယ်၊ နောက်တလုံးက ဦးအောင် အိမ်ရှေ့မှာ ကျပြီး အိမ်ထိသွားတာ၊ အိမ်ကအပေါက်အပေါက်တွေဖြစ်ကုန်တယ်” ဟု ၄င်းမှဆက်ပြောခဲ့သည်။

အုန်းငမ်းကျေးရွာထဲသို့ အစိုးရ တပ်မတော် ၀င်မလာခင် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ရှိခဲ့သောကြောင့် တပ်မတော်ဘက်မှ ရွာထဲဝင်လာမည်ဖြစ်ကြောင်းနှင့် TNLA အား ရွာမှ ထွက်ခွါပေးရန် ရွာသူကြီးမှ တဆင့်အကြောင်းကြားခဲ့သည်။

TNLA က ရွာမှဆုတ်ခွါခဲ့ပြီး မကြာမီမှာပင် တပ်မတော်မှ ယခုလို ရွာထဲသို့ ၀င်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုလို ရွာထဲသို့ လက်နက်များ ၀င်ရောက်ပတ်ခတ်ခြင်းသည် ရွာတွင်း လုံခြုံမှု မရှိဘဲ ဒေသခံများ စိုးရိမ်ကြောက်လန့်နေရသည်ဟု ဒေသခံ တစ်ဦးမှ ပြောခဲ့သည်။

မှတ်တမ်းနှင့် သုတေသနဌာန
တအာင်းအမျိုးသမီး အဖွဲ့အစည်း 
Facebook မှ ကူးယူဖော်ပြသည်။

No comments:

Post a Comment